သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ကရင်DKBA တပ်ဖွဲ့များ သုံးချိုး နှစ်ချိုးသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း

>> Wednesday, August 25, 2010

စစ်အစိုးရနှင့် အပစ်ရပ်ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တပ်ဖွဲ့ DKBA သုံးပုံ နှစ်ပုံသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်ပြီဟု သိရသည်။

“အများစုကတော့ ပြောင်းတယ်လို့တော့ ပြောလို့ ရတာပေါ့။ ဒီကေဘီအေ အများစုကနေပြီးတော့ ၃ ချိုး ၂ ချိုးလောက်က နယ်ခြားစောင့်တပ်ကို ပြောင်းသွားတယ်လို့တော့ ပြောလို့ ရတယ်” ဟု ကရင်သတင်းစဉ် KIC မှ အယ်ဒီတာ နန့်ဖောဂေက ပြောပါသည်။

အသက် ၁၈ နှစ်မှ ၅၀ အောက် လူလတ်ပိုင်းများသည် များသောအားဖြင့် နယ်ခြားစောင့်တပ်ဖွဲ့တွင် အသွင်ပြောင်းကြပြီး အသက် ၅၀ နှင့် အထက် လူကြီးပိုင်းများသည် အငြိမ်းစား ပေးထားသည့်သဘော ဖြစ်ပြီး ပါတီဖွဲ့ပြီး ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်နိုင်သည်ဟု ဆိုသည်။
ဒီကေဘီအေသည် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် ၁၅ နှစ်တာအတွင်းတွင် မိမိ၏ အကျိုးစီးပွားများကိုသာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပြီး ပြည်သူများအတွက် ကျောင်း၊ တံတား စသည့်များ ပြုလုပ်ပေးခဲ့သည်။
“ပြောင်းတဲ့ လူတွေကတော့ သူတို့ အနေနဲ့ လက်မခံရင်လည်း ခက်ခက်ပေါ့။ နောက်ပြီးတော့ ခု လက်ရှိမှာ သူတို့က ပြီးခဲ့တဲ့ ဒီကေဘီအေ အနေနဲ့ ၁၅နှစ် တာ အတောအတွင်းမှာ သူတို့ ရပ်တည်လာတာ စစ်အစိုးရရဲ့ အခွင့်အရေးပေးမှုတွေ ဥပမာ လုပ်ပိုင်ခွင့်တွေ စီးပွားရေး လုပ်ကွက်တွေ အများကြီး ပေးတဲ့ အပေါ်မှာ သူတို့မှာ အကျိုးအမြတ်တွေ အများကြီး ဖြစ်ထွန်းလာတယ်လေ။

အဲဒီဖြစ်ထွန်းမှုတွေလည်း စွန့်လွတ်ရတာ ခက်ခဲတယ်။ သူတို့တွက် နှမျောနေတဲ့ အတိုင်းအတာလည်း ရှိတယ်။ တကယ်လို့ မဟုတ်ပဲနဲ့ နောက်တခုအနေနဲ့ သူတို့ လက်မခံဘူးဆိုရင်လည်း စစ်အစိုးရနဲ့ တိုက်ပွဲများ ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် သူတို့ မနိုင်နိုင်ဘူးပဲ ဖြစ်ကောင်းဖြစ်မှာပေါ့နော်။ နောက်တခုကလည်း လူမျိုးကိုလည်း ထိခိုက်မယ်။ သူတို့ အသိုင်းအ၀ိုင်းတွေက ပြောသံကြားတာပေါ့နော်” ဟု နန့်ဖောဂေက ပြောသည်။
ဒီကေဘီအေသည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသားအစီးအရုံး KNUမှ ခွဲထွက်ပြီး မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ ဦးဆောင်မှုဖြင့် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ယူခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့တွင် နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ စစ်ရေးပြ အခမ်းအနားကို ကရင်ပြည် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသနှင့် သြဂုတ်လ ၂၀ ရက်နေ့တွင် ပိုင်ကျုံမြို့နယ်တွင်လည်းကောင်း၊ ၂၂ ရက်နေ့တွင် မြ၀တီမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
“လက်နက်စွန့်တာက အရေးမကြီးဘူး ခုဟာ နိုင်ငံရေးကိစ္စ မပြေလည်ပဲနဲ့ လက်နက်စွန့်ရတာ ဆိုတော့ ဘယ်နယ်ခြားစောင့်တပ်မှ ဒါမှမဟုတ် ကာကွယ်ရေးတပ်မှ အကျိုးရှိမယ်တော့ မထင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံး စစ်အစိုးရက လက်နက်ကို အနုနည်းနဲ့ အကုန်လုံး သိမ်းလိုက်တာပဲလေ။ သူတို့ ရှေ့လျှောက် သူတို့ အစွယ်မရှိအောင် ချိုးလိုက်တာပေါ့” ဟု ကေအဲန်ယူ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တဦး ဖြစ်သည့် ပဒိုဒေးဗစ်ထောက ပြောသည်။

ဗိုလ်မှူးကြီး စောလားပွယ် ( ဗိုလ်နှုတ်ခမ်းမွေး) ဦးစီးသည့် ဒီကေဘီအေ တပ်မဟာ ၅ တပ်ဖွဲ့သည် ဒီကေဘီအေ၏ မူအတိုင်း ဆက်လက် ရပ်တည်သွားမည် ဖြစ်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ထားသည်ဟု သိရသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP