သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသော ကရင်လူမျိုးလင်မယာ ပတ်စပိုလုပ်ဘို့ရန်ပြန်သွားရာ၌နယ်စပ်မှာဒုက္ခရောက်ရ

>> Saturday, September 12, 2009

နယ်စပ်ဒေသတွင် နိုင်ငံကူးလက်မှတ်လုပ်ရန်သွားသည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လမ်ကန်ဖေလမ်းတွင် အိမ်အကူ လုပ်ကိုင်နေသော မြန်မာ့ပြည်သားကရင်လူမျိုးအလုပ်သမားလင်မယား နှစ်ဦးအား ယခုလ လဆန်းပိုင်းက ထိုင်း၊ မြန်မာနယ်စပ် တာချီလိတ်မြို့တွင် နယ်စပ်စောင့် မြန်မာစစ်တပ်က အမျိုးသားကို ပေါ်တာခေါ်ယူသွားကာ ဇနီးဖြစ်သူကို ထောင်ချလိုက်ကြောင်း သိရသည်။
ယခုလ (၂)ရက်နေ့က မွန်ပြည်နယ် ဖါသိမ်ကျေးရွာမှ ကရင်တိုင်းရင်းသား လင်မယားဖြစ်ကြသော အသက် (၂၀)ကျော်အရွယ် ကိုဖာလာအဲနှင့် မမူပတို့ ပတ်စ်ပို့ လုပ်ကိုင်ရန် မြ၀တီနယ်စပ်သို့သွားရောက်ခဲ့ကြပြီး မြ၀တီမြို့တွင် အဆင်မပြေသောကြောင့် တာချီလိတ်၊ မယ်ဆိုင်နယ်စပ်သို့ ဆက်သွားခဲ့သည်။
နယ်စပ်သို့ ရောက်သောအခါတွင် နယ်စပ်အခြေစိုက် မြန်မာစစ်တပ်မှ ကိုဖာလာအဲကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မမူပကို တာချီလိတ်အကျည်းထောင်တွင် ထောင်ချလိုက်ကြောင်း ဘန်ကောက်မြို့မှ ၄င်းတို့၏မိတ်ဆွေ အမျိုးသမီး မတင်တင်က ပြောပြသည်။
“ဟုတ်တယ် မမူပက ကျမကို ဖုန်းဆက်လာတယ်။ သူထောင်ကျတော့မယ် ဆိုပြီး ဖုန်းဆက်လာတယ်။ သူ့ယောက်ျားလည်း ပေါ်တာလိုက်သွားရတယ်။ သူ့ရဲ့ကလေးတွေကို စောင့်ရှောက်ပေးပါဆိုပြီး ဖုန်းဆက်လာတယ်။ ဘန်ကောက်က သူတို့ရဲ့သူဌေးက ပုလိပ်အရာရှိတစ်ယောက်ပဲ ဘာမှ လုပ်လို့မရဘူးလို့ ပြောတယ်။ ဘန်ကောက်က သိတဲ့လူတွေ တော်တော်လန့်ဖြန့် ကုန်တယ် ကျမလည်းမလုပ်ရဲတော့ဘူး”ဟု ပြောသည်။ပြီးခဲ့သော(၂) ရက်ကလည်း မတင်တင်၏ မြန်မာပြည်တွင်ရှိသော သူမ၏ မိခင်ထံသို့ ရွာလူကြီးမှ ငွေတောင်းခံသည့် စာလာပေးကြောင်း ပြောပြသည်။“ပြီးခဲ့တဲ့(၂)ရက်ကလေ ကျပ်ငွေ ငါးသောင်းပေးရမယ်လို့ ဒီကေဘီအေက စာလာပေးခိုင်းတယ်ဆိုပြီး ရွာလူကြီးက စာလာပေးတယ်ရှင့်။ ဗမာစစ်တပ်နဲ့ အတူတူပဲလို့ ပြောတယ်။ လတိုင်းလာကောက်မယ်။ တစ်ခါတည်းပေးမယ်ဆိုရင် တစ်နှစ်အတွက် ကျပ်ငွေ ငါးသိန်းပေးရမယ်လို့ ပြောတယ်ဆိုပြီး ကျမ အမေကဖုန်းဆက် ပြောတယ်"
ဘန်ကောက်တွင် နှစ်အတန်ကြာ အလုပ်လုပ်နေသော မတင်တင်သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျေးရွာ တစ်ရွာမှ ဖြစ်ပြီး ထိုဒေသသည် ဒီကေဘီအေတပ်များ သွားလာလှုပ်ရှားနေသော ဒေသဖြစ်သည်။
ဘန်ကောက်မြို့၊ ဖက်ကဆင်လမ်းမကြီးရှိ ကာဖိုး ကုန်တိုက်ကြီးတွင် မြန်မာသံရုံးမှ တာဝန်ပေးချက်အရ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသား အသိအမှတ်ပြုရေးရုံးသို့ အထက်ပါကိစ္စရပ်များအား ဖုန်းဆက်မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် မသိရှိကြောင်း ပြန်လည်ဖြေကြား သွားခဲ့သည်။
ပြီးခဲ့သောအပတ်က ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်တွင် ယာယီပတ်စ်ပို့ထုတ်ပေးခဲ့သော တစ်လခွဲ ကာလအတွင်း ကော့သောင်း၊ မြ၀တီ၊ တာချီလိတ် တို့တွင် လူပေါင်း (၅၃၅)ဦးသာ လာရောက် လျှောက်ထားခဲ့ကြောင်း ရေးသားထားသည်။ ဤအရေအတွက်မှာ မြန်မာအစိုးရခန့်မှန်းထားသော ဂိတ်တစ်ခုစီ တစ်နေ့လူ(၂၀၀) လုပ်ပေးမည်ဆိုသော ကိန်းဂဏန်းဖြင့် များစွာကွာဟနေသည်။
နှစ်နိုင်ငံအစိုးရတို့ တရားဝင်သတ်မှတ်နှုန်းထားမှာ ထိုင်းနိုင်ငံသို့ ဘတ်ငွေ (၂၀၀၀)ပေးသွင်းရမည်ဖြစ်ပြီး မြန်မာအစိုးရကိုကျပ်ငွေ (၃၀၀၀) ပေးသွင်းရမည်ဖြစ်သော်လည်း ပွဲစားနှင့် သွားရောက်လုပ်ကိုင်သူများမှာ ဘတ်ငွေ(၇၀၀၀) ပေးနေရသည်။ထိုင်းအစိုးရမှ ထုတ်ပေးထားသော ထိုင်းနိုင်ငံအတွင်း နေထိုင်းအလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်)သည် ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ(၂၈)ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ဆက်လက်ပြီး သက်တမ်းတိုးပေးမည် မဟုတ်ဟု ထိုင်းအစိုးရမှ ကြေငြာထားသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP