သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ယာယီပတ်စ်ပို့လုပ်သည့်အလုပ်သမား၏ ခြံမြေ ၄.ခုကို မြန်မာအာဏာပိုင်းတွေက သိမ်းယူ

>> Monday, September 21, 2009



ထိုင်းနှင့် မြန်မာအစိုးရတို့ သဘောတူညီချက်အရ ယာယီပတ်စ်ပို့ လုပ်ကိုင်ရန်အတွက် နေရပ်လိပ်စာ အပြည့်အစုံပေးထားသော မြန်မာအလုပ်သမားများပိုင်ဆိုင်သည့် ခြံမြေများကို ဒေသအာဏာပိုင်များက သိမ်းဆည်းလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဂျက်တောရွာမှ မမိဝင်းနှင့် အခြား(၃)ဦးတို့ ပိုင်ဆိုင်သည့် ခြံမြေ(၄)ခုကို အာဏာပိုင်များက သိမ်းဆည်းလိုက်ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရဌာနီ၊ ခနုန်ရွာတွင် အလုပ်လုပ်နေသော ထားဝယ်သူ မအေးလှိုင်က အခုလိုပြောသည်။
“ကျမသူငယ်ချင်းအတွက် ကျမဖုန်းဆက်ပေးတယ်လေ။ မမိဝင်းအပါအ၀င် (၄)ယောက်ပိုင်တဲ့ ခြံမြေတွေကို အသိမ်းခံရတယ်လို့ ပြောတယ်။ အတိ အအကျပဲ။ ပတ်စ်ပို့လုပ်တော့ နေရပ်အတိအကျ ပေးရတယ်လေ။ ပိုင်ရှင်တွေက ထိုင်းမှာ အလုပ်လုပ်နေကြတာ။ အခွန်ပေးရမယ်လို့ ပြောတယ်။ စောင့်ရှောက်ထားတဲ့ လူတွေက မပေးနိုင်ဘူး လို့ပြောတော့ သိမ်းတာတဲ့။ ထိုင်းမှာရှိတဲ့ မိသားစုတွေကို ပြန်ပြီးတော့ အခု အကြောင်းကြား နေကြပြီ။ ပတ်စပို့လုပ်တာ ကောင်းတယ်လို့ ထင်ခဲ့တာ အခုမှ မှားတယ်၊ မှားတယ် ဒုက္ခပေးနေပြီ။ နောက်တစ်ယောက်က နဲနဲလည်တယ်၊ အခု အခွန်မပေးနိုင်ပေမယ့် ရွေးကောက်ပွဲမတိုင်ခင် အရောက်ပြန်လာမယ်ဆိုပြီးတော့ မိဘတွေကပြောလို့ ခြံမြေ အသိမ်းမခံခဲ့ရဘူး”
ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများတွင် စုဆောင်းရမိသော ငွေများဖြင့် မိမိနေရပ်တွင် ခြံမြေနှင့် လယ်မြေများ ၀ယ်ယူထားရှိလေ့ရှိပြီး ထိုင်းနိုင်ငံမှ ပြန်သောအခါ စိုက်ပျိုးရေး လုပ်ကိုင်စားသောက်ကြကြောင်း သူက ဆက်ပြောပြသည်။
ယခုခြံမြေသိမ်းထားသော ကိစ္စရပ်ကို သိရှိထားသူ နောက်တစ်ဦးဖြစ်သော ဂျက်တော ကျေးရွာသူ မစန်းက “ကျမတို့ရွာကအကို ဖုန်းဆက်တယ်။ အစိုးရက အခွန်လာကောက်တယ်။ ရွာမှာမိသားစုတွေ အားလုံး ဒုက္ခရောက်ကုန်မယ်တဲ့။ မိဘအမည်တွေ၊ နေရပ်တွေ အတိအကျ မပြောနဲ့လို့ ပြောနေတယ်။ ခြံ(၄)ခြံသိမ်းသွားပြီတဲ့ ပတ်စ်ပို့ကို အရမ်းမလုပ်နဲ့လို့ ပြောတယ်ရှင့်။ ကျမတို့ ပတ်စ်ပို့လုပ်ဖို့ အမှန်အကန် ထည့်ထားကြတယ်လေ။ အခုတော့ ခက်ပြီ”ဟု ပြောသည်။
ထိုင်းနိုင်ငံတောင်းပိုင်း၊ ဝေဟင်တွင် လုပ်လုပ်နေသော ထားဝယ်မြို့ သရက်ချောင်းရွာမှ ကိုအနိုင်က “မြို့နယ်က လူကြီးတွေက ကျနော်တို့ရွာကို ဆင်လာပြီးတော့ ပြောတယ်တဲ့။ ပတ်စ်ပို့ လုပ်တဲ့လူတွေကို မဲထည့်ဖို့ ပြန်လာခိုင်းရမယ်လို့ ပြောတယ်။ အကုန် ဆင်းလာရမယ်ပေါ့။ တကယ်လို့ မဆင်းလာလို့ရှိရင် အိမ်တွေ မြေတွေကို သိမ်းမယ်လို့ ပြောတယ်တဲ့။ ကျနော်တို့ အလုပ်ရုံက ကျနော်အပါအ၀င် အလုပ်သမား (၃၅)ယောက် ပတ်စ်ပို့လုပ်ဖို့ လျှောက်ထားပြီး ဖြစ်ပါတယ်။ အကုန်လုံး လိပ်စာအမှန်အတိုင်း ဖြည့်ထားပြီးဖြစ်တယ်။ အားလုံး စိုးရိမ်နေကြပြီး၊ ရွာက မိဘတွေ၊ အကိုတွေ၊ အမတွေက ဖုန်းဆက်ပြီး ပြောနေကြပြီ။ ကျနော်တို့ တနင်္သာရီတိုင်းမှာ အဲဒီခြံမြေ (၄)ခု သိမ်းလိုက်တဲ့ကိစ္စကလည်း ဟိုးလေးတစ်ကြော် ဖြစ်နေပြီလေ” ဟု ပြောသည်။
ပြီးခဲ့သော စက်တင်ဘာလ ပမထအပတ်က ဘန်ကောက်မြို့မှ မြန်မာနယ် စပ်မြ၀တီသို့ ယာယီပတ်စ်ပို့ လုပ်ကိုင်ရန် သွားခဲ့သော မြန်မာအလုပ်သမား ငါးဆယ်ကျော်တို့မှာ မြန်မာစစ်အစိုးရမှ ဖမ်းဆီး ချုပ်နှောင်ထားဆဲဖြစ်သည်။ အလားတူ တာချီလိတ်မြို့သို့ ယာယီပတ်စ်ပို့လုပ်ရန် သွားခဲ့သော ကရင်အလုပ် သမားဇနီးမောင်နှံတို့မှာ ခင်ပွန်းဖြစ်သူက ပေါ်တာဆွဲခံရပြီး၊ ဇနီးဖြစ်သူမှာ တာချီလိတ်ထောင်တွင် အကျဉ်းချ ခံနေရသည်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း နေရပ်လိပ်စာ မှတ်ပုံတင်များ အမှန်အတိုင်း ဖြည့်စွက်ရေးသားမိသဖြင့် မြန်မာအလုပ်သမားများ၏ မိဘများမှာ မြန်မာစစ်အာဏာပိုင်များ ငွေကြေးတောင်းခံခြင်း၊ ခြိမ်းခြောက်ခံရခြင်းများ ခံနေရကြောင်း ကာယကံရှင်များနှင့် နီစပ်သူများပြောပြချက်အရ သိရှိရသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP