သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ကရင်ရွာသား ရာနှင့်ချီ၍ ကူးစက်ရောဂါ ဖြစ်ပွား

>> Tuesday, September 22, 2009

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ကျေးရွာတချို့တွင် လွန်ခဲ့သည့် ၂ ပတ်ခန့်က စတင်ပြီး ကူးစက်ရောဂါတမျိုး ဖြစ်ပွားနေသဖြင့် ရွာသား ၃၀၀ ခန့် ဖျားနာနေကြသည်ဟု ကရင်တိုင်းရင်းသား သတင်းရပ်ကွက်မှ သိရသည်။အဆိုပါ အမျိုးအမည်မသိ ကူးစက်ရောဂါကြောင့် ယခုအချိန်ထိ လူအသေ အပျောက် မရှိသေးကြောင်း ကရင်ပြည်နယ်အတွင်း လှုပ်ရှားနေသော နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့မှ တာဝန်ခံ တဦးဖြစ်သူ ဦးမန်းမန်းက ပြောသည်။ “ဒီရာသီမှာ တုပ်ကွေး ဖြစ်တတ်ကြတယ်၊ တုပ်ကွေးထက် ကြက်ငှက်တုပ်ကွေးလား၊ ဝက်တုပ်ကွေးလား အဲဒါတွေကို စိုးရိမ်နေတာ” ဟု ဦးမန်းမန်းက ဧရာဝတီကို ပြောသည်။ရောဂါကူးစက်သူတွင် လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူရှိန် မြင့်တက်ခြင်း စသည်တို့ ဖြစ်ပေါ်တတ်သဖြင့် တုပ်ကွေး ရောဂါ လက္ခဏာများနှင့် ဆင်တူသည်ဟု သိရသည်။အလယ်တန်း စာသင်ကျောင်း တကျောင်းမှ ကျောင်းသားပေါင်း ၆၀ ခန့်တွင် ထိုရောဂါ ကူးစက်နေသဖြင့် ကျောင်းပိတ်ထားရသည်ဟု ဦးမန်းမန်းက ပြောသည်။တိုက်ပွဲများ ဖြစ်ပွားတတ်သော အဆိုပါ ဒေသကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၊ အာဏာပိုင်တို့၏ ကျန်းမာရေး အဖွဲ့များ သွားရောက်ကြခြင်း မရှိဟု သိရသည်။ထို့ကြောင့် အဆိုပါဒေသမှ ပြည်သူများ၏ ကျန်းမာရေးအတွက် ထိုင်းမြန်မာနယ်စပ် အခြေစိုက် အကူအညီပေးရေး အဖွဲ့တချို့က ဆောင်ရွက်ပေးနေသည်။လတ်တလော ဖြစ်ပွားနေသော ကူးစက်ရောဂါ အကြောင်း အတိအကျ သိရှိနိုင်ရန် နယ်လှည့်ကျောပိုးအိတ်အဖွဲ့က သွားရောက် စုံစမ်း၊ စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်နေသည် ဟုဆိုသည်။ ယခု ကူးစက်ရောဂါမှာ ပုံမှန် ဖြစ်ပွားနေကျ တုပ်ကွေးရောဂါထက် ကူးစက်နှုန်း မြန်ဆန်ကြောင်းလည်း သိရသည်။ လူငယ်များ ထိုကူးစက်ရောဂါ ဖြစ်ပွားနေပြီး၊ ကိုယ်အပူချိန် မြင့်တက်မှုကြောင့် စိုးရိမ်ရကြောင်းကို ဖာပွန်ခရိုင်အတွင်းရှိ တာ့အူဒဲရွာမှ ဆေးမှူးတဦး၏ အကြောင်းကြားချက်အရ စတင် သိရှိရသည်ဟု ကရင် တိုင်းရင်းသား သတင်းဌာန ဖြစ်သော ကွယ်ကလူ (Kwekalu) မှ အယ်ဒီတာ အယ်နာက ပြောသည်။ “ကလေးတွေမှာ ကိုယ်အပူချိန် ၁၀၃ ကနေ ၁၀၄ အထိ ဖြစ်ပွားတာကြောင့် ကလေးတွေအတွက် စိုးရိမ်ရတယ် လို့ ကျနော့်ကို တာ့အူဒဲရွာက ဆေးမှူးက ပြောတယ်” ဟု အယ်ဒီတာ အယ်နာက ဧရာဝတီကို ပြောသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင်လည်း ဤကူးစက်ရောဂါ တကြိမ် ဖြစ်ပွား ခဲ့ဖူးကြောင်း၊ ကလေးတချို့ အသေပျောက် ရှိခဲ့ကြောင်း သိရသည်။ စစ်အစိုးရ ကျန်းမာရေးဌာနက ထိုဒေသရှိ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့ မရှိပေ။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP