ထိုင်းနိုင်ငံမှာ ကျွန်ပြုခံထားရသည့်မြန်မာလူမျိုး၁၈ဦးကို ထိုင်းရဲက၀င်ရောက်ကယ်ဆယ်
>> Wednesday, October 14, 2009
ဗန်ကောက်မြို့နဲ့ မိုင် တရာကျော်လောက် ဝေးတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဘူရီခရိုင် ဆာထာဟစ် (Sattahip) ပင်လယ်ကမ်းခြေမြို့လေးမှာ လူမှောင်ခိုတွေ လက်ထဲက မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းအာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ အဲဒီ ၁၈ ဦးထဲမှာ အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေလည်း ပါဝင်ပါတယ်။(Photo: AFP)ထိုင်းနိုင်ငံမှ ငါးဖမ်းစက်လှေများပေါ်တွင်မြန်မာလူမျိုးများအလုပ်လုပ်ကျွန်ပြုခံထားရခြင်းဖြစ်ပါသည်.လူကုန်ကူးမှု ကျူးလွန်တဲ့သူတွေကတော့ မြန်မာအမျိုးသမီး ၁ ဦးနဲ့ ထိုင်းလူမျိုး ၂ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ဆာထာဟစ်ရဲစခန်းကို RFA က စုံစမ်းကြည့်တဲ့အခါမှာတော့ ကယ်လိုက်နိုင်တဲ့ မြန်မာတွေကို ပတ္တယား လူဝင်မှုကြီးကြပ်ရေးရုံးကို လောလောဆယ် ပို့ထားကြောင်းနဲ့ လူကုန်ကူးမှု ကျူးလွန်တဲ့ ထိုင်းလူမျိုးတွေကိုတော့ တရားရုံး ပို့လိုက်ပြီလို့ ရဲအရာရှိက ပြောပါတယ်။ မြန်မာ ၁၈ ဦးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် ပေးဖို့ကိုတော့ ရဲအရာရှိက ငြင်းဆန်ပါတယ်။ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အလုပ်သမားရေးတွေ ဆောင်ရွက်ပေးနေတဲ့ ထိုင်းဖောင်ဒေးရှင်း တခုက အာဏာပိုင်တွေကို အကြောင်းကြားခဲ့တဲ့အတွက် ညနေပိုင်းမှာ ငါးဖမ်းလှေ နှစ်စင်းကို ရှောင်တခင် ဝင်ရောက်ရှာဖွေရာမှာ ကျွန်ပြုခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့တာလို့ သိရပါတယ်။
သူတို့ကို ငါးဖမ်းလုပ်ငန်းတွေက အလုပ်ကြမ်းတွေ ခိုင်းစေထားပြီး လစာငွေ လုံးဝမပေးကြောင်း၊ ကျန်းမာရေးမကောင်းတဲ့အခါမှာလည်း ဆေးကုသမှု မပေးကြောင်း၊ အသက်ဆုံး သွားသူတွေကို ပင်လယ်ထဲ မျှောလိုက်ကြောင်း အလုပ်သမားတွေက ပြန်ပြောတယ်လို့ ဆိုပါတယ်။ထိုင်းအာဏာပိုင်တွေ ဝင်ဖမ်းစဉ်မှာ လူကုန်ကူးသူတွေက ရဲတွေကို ထိုင်းဘတ်ငွေ ၁ သိန်း လာဘ်ထိုးကြောင်း၊ ဒါပေမဲ့ ရဲဝန်ထမ်းတွေက အဲဒီငွေကို လုံးဝမယူပဲ မြန်မာတွေကို ကယ်တင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် လူကုန်ကူးမှု တကယ် ကျူးလွန်သူတွေကို အရေးယူသွားမှာဖြစ်ပြီး၊ မြန်မာတွေကိုတော့ နေရပ်ဌာနေတွေကို ပြန်ပို့ပေးမှာဖြစ်ကြောင်း သိရပါတယ်။ထိုင်းနိုင်ငံက ပင်လယ်ငါးဖမ်းလုပ်ငန်းမှာ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို DSI ထိုင်းအထူးစုံစမ်းရေးအဖွဲ့၊ LPN အလုပ်သမား အခွင့်အရေး မြှင့်တင် ဆောင်ရွက်ရေး ကွန်ရက်အဖွဲ့နဲ့ မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂအဖွဲ့တို့ ပူးပေါင်းပြီး ငါးဖမ်းလှေ နှစ်စီးနဲ့ ပွဲစားအိမ်တွေကို လွန်ခဲ့တဲ့ ၂ ရက်က ရှောင်တခင် ဝင်ရောက် စီးနင်းဖော်ထုတ်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။
0 comments:
Post a Comment