သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ကရင်ရိုးရာ လက်ချည်ပွဲ လူထောင်နှင့်ချီ၍ လာရောက်

>> Wednesday, August 25, 2010

ထိုင်းနိုင်ငံ မဲဆောက်မြို့ တောရကျောင်းတွင် ကရင်ရိုးရာ လက်ချည်ပွဲ (ချည်ဖြူဖွဲ့ မင်္ဂလာ) အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။


“ဒီလို နှစ်စဉ် ကျင်းပတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဘိုးဘွားတွေ ထိန်းသိမ်းလာခဲ့တဲ့ ရိုးရာအမွေကို ဆက်လက်ထိန်းသိမ်းတာက တချက်ပေါ့။ ပြီးတော့ ကျနော်တို့က ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် ကရင်ရိုးရာကို ထိန်းရမယ်။ ဒီလိုပွဲမျိုးမှာ လာရောက်ပြီး လက်ချည်ပွဲပြုလုပ်တာဟာ အချင်းချင်း ချစ်ခင်စည်းလုံးမှု၊ သွေးစည်းမှု ရှိနေတယ်ဆိုတာကို ပြတဲ့သဘောလည်း ပါတယ်” ဟု ကရင်လူငယ် အစည်းအရုံး (KYO) ဥက္ကဋ္ဌ ကိုစောမူရှေးက ပြောသည်။
မဲဆောက်မြို့ တောရကျောင်းတွင် လက်ချည်ပွဲကို နှစ်စဉ် ကျင်းပလာသည်မှာ ၁၉ ကြိမ်မြောက် ရှိပြီဖြစ်သည်
ကရင်ရိုးရာအရ ၀ါခေါင် လတိုင်းတွင် လက်ချည်ပွဲကို ကျင်းပကြပြီး လဆန်းရက်မှ လပြည့်နေ့ အတွင်း အဆင်ပြေသည့် ရက်တွင် ကျင်းပ ကြကြောင်း၊ ကရင်ရိုးရာ လက်ချည်ပွဲကို တောရ ကျောင်းတွင် ပြုလုပ်လာ ခဲ့သည်မှာ ၁၉ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

လက်ချည်ပွဲ ပြုလုပ်ရန် အတွက် လိုအပ်သော ပစ္စည်းများမှာ ချည်ခင် အဖြူ၊ ငှက်ပျောသီး၊ ရေ၊ ကြံ၊ နတ်ပန်းညိုပန်း၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်တို့ ဖြစ်ကြောင်း၊ ယင်းချည်ဖြူကို တလင် တမယား စနစ်ဖြင့် ယခု ထက်တိုင် အိမ်ထောင် တည်မြဲနေသူ ဇနီးမောင်နှံကသာ ချည်နှောင်ပေးခွင့် ရှိသည်ဟုလည်း သိရသည်။

“ကျနော်တို့ ကရင်တွေက ဒီလ ဒီအချိန်ရောက်ရင် လက်ချည်ပွဲကို ရောက်ရာမှာ လုပ်ကြတယ်။ လက်ချည်ပွဲ မလုပ်ဘူးဆိုရင် အဲဒါ လိပ်ပြာလွင့်သွားပြီ၊ သူဟာ လမ်းလွဲနေပြီလို့ ယုံကြည်ကြတယ်” ဟု ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူ ဦးစောမြပဒိုင်က ပြောသည်။

လက်ချည်ပွဲသို့ လာရောက်သူ ကိုစောသိန်းဌေးက “ဒီနှစ်က အရမ်းစည်တယ်။ ခါတိုင်းနှစ်နဲ့ မတူဘူး။ တောရကျောင်းဝင်း တခုလုံး ခြေချစရာတောင် မရှိဘူး။ နာမည်ကြီး အဆိုတော်တွေလည်း လာကြတယ်။ ပြီးတော့ လူတွေက နယ်စပ်မှာ အခြေအနေ တင်းမာတော့ ဒီဘက်ကို ကူးလာကြတာများလို့လည်း ပါမယ်ထင်တယ်” ဟု ဆိုသည်။
ကရင်နာမည်ကြီး အဆိုတော်များဖြစ်ကြသော နန်းသိန်လာဘောင်၊ စလောင်းလောင်းနှင့် ကျော်လသိမ့် တို့ လာရောက် ဖျော်ဖြေကြကြောင်း၊ ယနေ့ လက်ချည်ပွဲသို့ ကရင်လူမျိုး ထောင်နှင့်ချီ၍ လာရောက်ကြောင်း ကိုစောမူးရှေးက ပြောသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP