သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

နအဖ လက်အောက်ခံ နယ်ခြားစောင့် လက်မခံသည့် ကရင်ငြိမ်းအဖွဲ့များ ချေမှုန်းခံရဖွယ်ရှိ

>> Tuesday, August 24, 2010

ရဲရင့် / ၂၄ သြဂုတ် ၂၀၁၀

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကျန်ရှိသည့် ကရင်ငြိမ်းချမ်းရေးအဖွဲ့များသည် နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ တိကျသည့် အဖြေတခုမပေးနိုင်ပါက နအဖ၏အင်အားသုံး ချေမှုန်းခြင်း ခံရမည်ဟု ဒီကေဘီအေ တပ်မှူးဟောင်းတဦးက ပြောသည်။
၎င်းက “ဒီကေဘီအေကတော့ နယ်ခြားစောင့်တပ် အကုန်ဖြစ်သွားပြီ။ ဒီကေဘီအေတပ်လည်း မရှိတော့ဘူး။ အခုကျန်တဲ့ ဒီကေဘီအေ နှုတ်ခမ်းမွှေး (စောလားပွယ်) အဖွဲ့နဲ့ ဖူးဌေးမောင်ရဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီအဖွဲ့တွေကို လာမယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ ရက်စ်အော်နိုး အဖြေပေးရမယ်။ ပြောင်းရင်ပြောင်း မပြောင်းရင် အဖွဲ့ကိုဖျက်ပြီး သာမန်အရပ်သားအဖြစ် နေခွင့်ပေးမယ်။ ဒါမှလက်မခံရင် အင်အားသုံးတာ ခံရမယ်လို့ ဗိုလ်ချုပ်ရဲမြင့်တို့၊ အရှေ့တောင်တိုင်း တိုင်းမှူးသက်နိုင်ဝင်းတို့က ဒီလ (၁၈) ရက်၊ မြိုင်ကြီးငူမှာ အသွင်ပြောင်းပွဲလာတုန်းက ဒီကေဘီအေ လူကြီးတွေနဲ့ ပြောဆိုကြတာတွေရှိတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်တခုတည်းသာ ရှိရမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှလွဲ၍ အခြားလက်နက်ကိုင် အဖွဲ့အစည်းများ လုံးဝထားရှိမည်မဟုတ်ကြောင်း၊ ကျန်ရှိသည့် ကရင်ငြိမ်းအဖွဲ့များအနေဖြင့် စဉ်းစားချိန်ရှိသေးကြောင်း ပြောဆိုသည်ဟု သိရသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ်၏ ကိုယ်ရေးအရာရှိတဦးက “ကျနော်တို့ တပ်မဟာမှူးက စကားကို အပြတ်ပြောပြီးသွားပြီ။ နယ်ခြားစောင့်တပ်ပြောင်းဖို့ကိစ္စ လုံးဝသဘောမတူဘူးဆိုတာ။ သူတို့ကိုတော့ အရင်သွားမလုပ်ဘူး၊ ကျနော်တို့ကိုလည်း လာမလုပ်နဲ့ သည်းခံမှာမဟုတ်ဘူး” ဟု ပြောသည်။
နအဖက နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းလိုပါက ဌာနေပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းခွင့်ပေးသော်လည်း ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကလည်း လက်မခံနိုင်ကြောင်း ပြန်လည် တင်ပြခဲ့သည်ဟု ယင်းအဖွဲ့မှ တပ်မှူးတဦးက ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုက “ကျနော်တို့အဖွဲ့ကတော့ နယ်ခြားစောင့်တပ်ရော၊ ပြည်သူ့စစ်ရော လက်မခံနိုင်ဘူးလို့ ပြောထားပြီးဖြစ်တယ်။ လောလောဆယ်တော့ သူတို့ ကျနော်တို့ကို ဘာမှတော့ တရားဝင်ပြောတာတွေ မရှိသေးဘူး၊ သတင်းတွေကတော့ အမျိုးမျိုးကြားနေရတာပဲ” ဟု ပြောသည်။
ယခုအပတ်အတွင်း ဒီကေဘီအေတပ်ဖွဲ့ဝင်များ အသွင်ပြောင်းခြင်းကို နေရာများခွဲ၍ ကျင်းပခဲ့ပြီး ဒီကေဘီအေ တပ်ရင်းတပ်ဖွဲ့နှင့် ရုံများတွင် အသုံးပြုနေသည့် အလံအပါအ၀င် အဖွဲ့အစည်းတံဆိပ်နှင့် အမှတ်အသားများကို အသုံးပြုခွင့်မရှိတော့ကြောင်း အဖွဲ့ဝင်ဟောင်းတဦးက ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) သည် မြန်မာ့တပ်မတော် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ယခုအပတ်အတွင်း အသွင်ပြောင်းလဲခဲ့ပြီး အဖွဲ့၏ခေါင်းဆောင်ဟောင်းအချို့မှာ ကရင်နိုင်ငံရေးသမားအချို့နှင့် ပူးတွဲကာ နိုင်ငံရေးပါတီ တည်ထောင်၍ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်မည့် အစီအစဉ်များ ဆောက်ရွက်နေသည်ဟု တပ်မှူးဟောင်းတဦးက ပြောသည်

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP