သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ တပ်မှထွက်ပြေး

>> Thursday, October 7, 2010

      ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် သွားရောက်ပူးပေါင်းမည့် ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို လက်ဦးမှုယူ၍ သုတ်သင်ရန်နှင့် ၎င်းတို့သွားရောက်သည့် အဓိက နယ်စပ်လမ်းကြောများကို ပိတ်ဆို့ထားရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က အမိန့်ပေးထားသည်ဟု နယ်ခြားစောင့်တပ်အရာရှိတဦးက ပြောသည်။

၎င်းက “ဒီကေဘီအေ ကနေ ကရင်နယ်ခြားစောင့်တပ် အသွင်ပြောင်းထားတဲ့အထဲက တပ်ဖွဲ့ဝင် (၁၀၀) ကျော်ဟာ အသွင်ပြောင်းပြီးတာနဲ့ တလကျော်ကာလအတွင်းမှာ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက် ဗိုလ်နှုတ်ခမ်းမွှေးတပ်ဘက်ကို လက်နက်တွေနဲ့အတူ သွားပူးပေါင်းတာတွေကို ထိန်းချုပ်ဖို့အတွက် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းက အောက်ခြေတပ်မှူးတွေကို အမိန့်ပေးထားတယ်” ဟု ပြောသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် နအဖစစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် မနေလို၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇)၊ တပ်မဟာ (၆) နှင့် ခွဲထွက် ဒီကေဘီအေတပ်မဟာ (၅) စသည့်တပ်များနှင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု တပ်ဖွဲ့ဝင်များက ပြောသည်။
ကေအန်ယူ လက်အောက်ခံ ကေအန်အယ်လ်အေ တပ်မဟာ (၇) တွင် လာရောက်ပူးပေါင်းသည့် လှိုင်းဘွဲ့အခြေစိုက် နယ်ခြားစောင့်တပ်မှ အရာရှိတဦးက “လွန်ခဲ့တဲ့သြဂုတ်လ (၁၈) ရက်နေ့က ဒီကေဘီအေကို နယ်ခြားစောင့်တပ်အဖြစ် စပြီးပြောင်းခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျနော်တို့အားလုံးဟာ နအဖလက်အောက်ခံ တပ်ဖွဲ့ဝင်တွေအဖြစ် သစ္စာခံကြရတယ်။ ကရင်အမျိုးသားအလံတော်နဲ့ အဆောင်အယောင်တွေ ဘာတခုမှ အသုံးပြုခွင့်မရှိတော့ဘူး။ ဘာလုပ်ပိုင်ခွင့်မှလည်း မရှိတော့ဘူး။ ဒါကြောင့် ဒီကိုပြန်လာတာပါ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူများအနက် လိုက်လံဖမ်းဆီးရမိသူ (၁၀) ဦးခန့်ကိုလည်း ဖမ်းဆီးမိသည့် တောထဲ၌ပင် လက်နက်များကိုသိမ်းကာ သတ်ပစ်လိုက်သည့်ဖြစ်ရပ်များ လှိုင်းဘွဲ့နှင့်မြ၀တီမြို့နယ်တို့တွင် ယခင်လအတွင်း၌ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါ လာရောက်ပူးပေါင်းသူ (၁၀၀) ခန့်သည် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအတွက် နအဖ က တပ်ဆင်ပေးသည့် လက်နက်ငယ်များနှင့် အခြားလက်နက်ကြီးအချို့ အပါအ၀င် လက်နက်အရေအတွက် (၁၀၀) ကျော်ပါရှိသည်ဟု ကေအန်အယ်လ်အေ တပ်မှူးတဦးက ပြောသည်။

လှိုင်းဘွဲ့မြို့နယ်တွင် အခြေစိုက်သည့် နယ်ခြားစောင့် တပ်ရင်းမှူးတဦးက ကေအန်အယ်အေ တပ်မဟာ (၇) ဒေသတွင် ရောက်ရှိနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည်လွှဲပြောင်းပေးရန် တပ်မဟာ (၇) ၏ အဆင့်မြင့်တပ်မှူးများထံ ဆက်သွယ်ခဲ့သော်လည်း ကေအန်အယ်လ်အေမှ ငြင်းဆန်ခဲ့သည်ဟု သိရသည်။

ကေအန်ယူမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက “ပြန်လာတဲ့လူတွေကို ကောင်းမွန်စွာလက်ခံတယ်။ သူတို့ဆန္ဒအတိုင်း ဖြစ်ချင်တာကို ဦးစားပေးတယ်။ အများစုကတော့ အပြင်မှာပဲ သာမန်အရပ်သားအနေနဲ့ နေကြတာများတယ်။ သူတို့ယုံကြည်ချက်နဲ့ သူတို့လာတာ ဘာမှပြန်ပို့စရာ အကြောင်းမရှိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေအဖွဲ့ကို နအဖက ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့မှ စတင်ကာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့သည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP