သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

နအဖတို့ တိုက် ခိုက် မှုကြောင့် ကရင် လူမျိုးများးအစုလိုက် ထွက်ပြေးနေရ

>> Tuesday, June 16, 2009



Monday, 08 June 2009 20:00 သန်E-mail
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်စခန်းများကို မြန်မာစစ်အစိုးရက ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းသည် ၎င်းတို့ရင်ဆိုင်နေရသည့် နိုင်ငံတကာဖိအားကို အာရုံလွှဲပြောင်းရန် ရည်ရွယ်ကြောင်းဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။


မကြာသေးခင်က မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထိုင်း-မြန်မာ နယ်စပ် တာ့ခ် ခရိုင်အတွင်း ထိုင်းနယ်ခြားစောင့် တပ်များ လုံခြုံရေးယူထားစဉ် (ဓာတ်ပုံ - Bangkok post)

ဇွန်လဆန်းမှစတင်၍ မြန်မာစစ်အစိုးရတပ်နှင့်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA) ပူးပေါင်း တပ်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU ) လက်အောက်ခံ KNLA တပ်မဟာ(၇)တပ်စခန်းများကို ဆက်တိုက် ထိုးစစ်ဆင်ခဲ့သည်။ ယခုအထိ ကရင်ရွာသားပေါင်း ၄၀၀၀ ကျော် စစ်ပြေး ဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်ဟု သိရသည်။

“အလောသုံးဆယ် မိုးတွင်းကြီး ထိုးစစ်ဆင်တိုက်တာက စမ်းသပ်မှုတခုလည်းဖြစ်နိုင်တယ်၊ ဒေါ်အောင်ဆန်းစု ကြည် ကိစ္စကို အာရုံပြောင်းတာလည်းဖြစ်နိုင်တယ်၊ လူထုအာရုံ ဒီဘက်ကိုရောက်လာအောင်လုပ်တာလည်း ဖြစ်နိုင်တယ်”ဟု KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါက ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မေလလယ်မှာ အင်းစိန်ထောင်သို့ခေါ်ဆောင် တရားစွဲဆိုခဲ့ပြီးသည့်နောက် နိုင်ငံ တကာမှ စစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုမှုများ ပိုမိုမြင့်မားခဲ့ပြီး စစ်အစိုးရဘေးကျပ် နံကျပ်ဖြစ်ခဲ့ရသည်။

ယင်းကဲ့သို့ ထိုးစစ်ဆင်ခြင်းကြောင့် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ထွက် ပြေးလာစေခြင်းသည် ထိုင်းနိုင်ငံလုံခြုံရေးတပ်ဖွဲ့များအတွက် စိုးရိမ်စရာဖြစ်စေသည်ဟု ထိုင်းနိုင်ငံအခြေစိုက်
THE NATION သတင်းစာ ဆောင်းပါးရှင် Kiva Chong Kittavorn က ယနေ့ ရေးသားခဲ့သည်။ နယ်စပ်ကုန်သွယ် ရေးကိုလည်း ပျက်ပြားစေသည်ဟု ၎င်းက ဆိုသည်။

“အမှန်တကယ်တော့ မြန်မာ စစ်အစိုးရက ထိုင်းခေါင်းဆောင်များအကြား ပိုမိုကမောက်ကမဖြစ်အောင် အချိန် ကိုက်လုပ်ဆောင်နေတာပဲ”ဟု၎င်းက ရေးသားခဲ့သည်။

မြန်မာစစ်တပ်က KNU အပေါ် တိုက်ခိုက်ခြင်းသည် အချိန်ကိုက်လုပ်နေခြင်းဖြစ်ပြီး ထိုင်းအစိုးရ၏ တုံ့ပြန်လာ နိုင် သည်များကို ကြိုတင်သဘောပေါက်ပြီး အသုံးချနေခြင်း ဖြစ်ကြောင်း Kiva Chong Kittavorn က ဆိုသည်။

ထိုင်းနိုင်ငံက အာဆီယံ ဥက္ကဌအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံကြား နိုင်ငံရေးအရ စကားစစ်ထိုးပွဲများ တောက်လျှောက်ဖြစ်ပေါ်ခဲ့သည်။

ယနေ့အထိ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် ၄၀၀၀ ကျော်ထဲမှ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံတာ့ခ် ခရိုင်အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေး ရောက်ရှိလာကြောင်းသိရသည်။

ကရင်ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေးနှင့် ပတ်သက်၍ မိုးတွင်းကာလဖြစ်သည့်အတွက် ကျန်းမာရေး အခက်အခဲများနှင့်လည် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရှိရသည်။ ၎င်း ကရင်ဒုက္ခသည်များကို ကရင်ဒုက္ခသည် များ ကော်မတီ (KRC) မှ တဆင့် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်းသိရသည်။

မြန်မာစစ်အစိုးရ တပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA (၉၉၉)တပ်ဖွဲ့ဝင်များသည် တပ်မဟာ(၇) ထိန်းချုပ်နယ်မြေရှိ တပ်ရင်း ၆ ခု အနီးမှ တပ်စခန်းများကို လက်နက်ကြီးများဖြင့်သော်လည်းကောင်း၊ လူအင်အား စုစုပေါင်း ၁၀၀၀ခန့် ဖြင့် ထိုးစစ်ဆင်ရန်ကြိုးစားနေကြောင်းလည်းသိရှိရသည်။

“ကျနော်တို့စခန်းတွေကို ဆက်တိုက်ဖို့ကြိုးစားနေတယ်၊ လက်နက်ကြီးတွေနဲ့လည်း တဘက်က လှမ်းပစ်တယ်၊ လူကတော့ ဖြည်းဖြည်းခြင်း ချဉ်းကပ်နေတယ်လို့သိရတယ်”ဟု စောဒေးဗစ်တာကပေါက ယနေ့ပြောဆိုသည်။

မြန်မာစစ်အစိုးရ တပ်များ နှင့်DKBA တပ်ဖွဲ့ဝင်များသည် တပ်မဟာ(၇) ဌာနချုပ်အနီးတွင် ယနေ့အထိဆက်လက် ဖြစ်ပွားနေသည်။ ယင်း နှစ်ဘက် တိုက်ပွဲများကြောင့် အကျအဆုံး မည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။

၎င်းတိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထားကြောင်း သိရှိရ သည်။

တိုက်ပွဲများကြောင့် မကြာသေးခင်က ထွက်ပြေးလာရသည့် ကရင်ဒုက္ခသည် ၃၅၀၀ ခန့်တွင် ကလေးငယ်များကို လည်းတွေ့ရစဉ် (ဓာတ်ပုံ - US Campaign for Burma)

တချိန်တည်းမှာပင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရာ၌ မြန်မာစစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ် ရေးလုပ်ကိုင်လိုခြင်း မရှိဟု ထင်မြင်ကြောင်း KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါက ဧရာဝတီသို့ပြောသည်။

“ကျနော်တို့အနေနဲ့ကတော့ ဒီတိုက်ပွဲတွေရပ်စေချင်တယ်၊ အကယ်၍ နအဖက တကယ် အပစ်အခတ်ရပ်စဲရေးတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ လုပ်ချင်တယ်ဆိုရင်တော့ ဒီတိုက်ပွဲတွေရပ်ရမယ်၊ ဒီတိုက်ပွဲတွေမရပ်ရင် တော့ ကိုယ်တိုက် သူတိုက်ပဲ”ဟု ဆိုသည်။

လွန်ခဲ့သည့် ဧပြီလဆန်းပိုင်း၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya က KNU တာဝန်ရှိသူများကို မြန်မာစစ် အစိုးရဘက်မှ ပြောဆိုဆွေးနွေးလိုသည့်အကြောင်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ ၊ အထွေထွေအတွင်းရေး နော်စီဖိုးရာစိန် အပါအဝင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တို့နှင့် ထိုင်းအာဏာပိုင်များဘက်မှ ၆ ဦးတို့သည် ဘန်ကောက် မြို့ တနေရာတွင်၂ နာရီကြာတွေ့ဆုံခဲ့ကြသည်။

မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စ စကားပြောရန် ထိုင်းနိုင်ငံက ကြားဝင် တိုက်တွန်းလာပါက လက်ခံမည် ဖြစ် သော်လည်း ပြင်ပ တနိုင်ငံတွင်သာ ဆွေးနွေးရေး ပြုလုပ်နိုင်မည် ဖြစ်ကြောင်း KNU ကပြောဆိုခဲ့သည်။

၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် KNU သည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ကွယ်လွန်ခဲ့ပြီးဖြစ်သော KNU ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြသည် ၂၀၀၅ ခုနှစ်က မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP