သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

နယ်ခြားစောင့်တပ် မပြောင်းလိုသောကရင် ဒီကေဘီအေအဖွဲ့ အချင်းချင်း ပူးပေါင်း

>> Tuesday, August 10, 2010

ချင်းမိုင် (မဇ္ဈိမ) ။     ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းလိုသော ဗိုလ်မှူးကြီးစောလားပွယ်၏ တပ်သို့ အခြား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်အဖွဲ့များမှ လာရောက် ပူးပေါင်းမှုများ ရှိနေသည်။

ဗိုလ်မှူးကြီးစောချစ်သူ၏ ၉၉၉ လက်အောက်မှ ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်မှ အရာရှိတဦးနှင့် တပ်သား ၁၉  ဦးတို့ တပ်မဟာ ၅ က လိုထူးဘောဗျူဟာသို့ ပူးပေါင်းရာတွင် ၎င်းတို့နှင့်အတူ ၆ဝ မမ အာပီဂျီစသည့် လက်နက်ကြီးများအပါအဝင် M-16၊ M-79၊ AK-47 လက်နက်အမျိုးအစား အလက် ၂ဝ ကျော်နှင့် လက်ပစ်ဗုံးများ ပါဝင်သည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

တပ်ခွဲမှူး စောပလိုနှင့် နောက်လိုက်များသည် နှစ်ကြိမ်ခွဲပြီး လာရောက် ပူးပေါင်းခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့က မိသားစုတွေနဲ့ ထွက်လာကြတာ။ ဒီမှာလဲ သူတို့ရာထူးအတိုင်း ပြန်ပေးဖို့ လုပ်ထားတယ်။ သူတို့လုံခြုံရေးကိုလည်း အထက်လူကြီးတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့ စီစဉ်ထားပါတယ်” ဟု ဒီကေဘီအေ တပ်မဟာ ၅ အရာရှိက ပြောသည်။

ထိပ်ပိုင်း ခေါင်းဆောင်အချို့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံသော်လည်း အပစ်ခတ် ရပ်စဲရေး သဘောတူချက်ကြောင့် နယ်မြေစိုးမိုးမှုနှင့်အတူ ဝင်ငွေကောင်းသော အခွန်ကောက်ခံခွင့်၊ ကုန်သွယ်စီးပွား လုပ်ကိုင်ခွင့်များ ရရှိထားသော ဒီကေဘီအေအတွင်း တပ်ဖွဲ့ဝင်အချို့က  လက်နက်မဲ့သွားသည့် အခြေအနေကို တွန်းပို့မည်ကို စိုးရိမ်မှု ပြသလာကြသည်။ အင်အားတထောင်ကျော်ရှိ ဗိုလ်မှူးကြီးစောလားပွယ်ကတော့ ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်ကြောင်း ထုတ်ပြောထားသည်။

နေပြည်တော်၏ အစီအစဉ်အရ ဒီကေဘီအေသည် ယခုလ ၂ဝ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ကွပ်ကဲမှုအောက်သို့ အပ်နှံသည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မှာဖြစ်ပြီး အခြား အဖွဲ့ကွဲတခုဖြစ်သော ကရင်ငြိမ်းချမ်းရေးအဖွဲ့(ကေပီအက်ဖ်)က ယခုလ ၁၈ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည်။

တခုတည်းသော စစ်တပ်ဖြစ်ရေး အစီအစဉ်အရ ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းကာ တပ်ရင်းတရင်းလျှင် ၃၂၆ ဦးပါရှိပြီး မြန်မာစစ်တပ်မှ အရာရှိ အရာခံ အကြပ်တပ်သား ၃ဝ ကိုလည်း ထဲ့သွင်းရမည် ဖြစ်သည်။

အခြေအနေက တင်းမာလျက်ရှိပြီး ဒီကေဘီအေ တပ်သားအချို့ ဘက်ပြောင်းမှုများ၊ တောတွင်းပြန်ဝင်မှုများ လုပ်လိမ့်မည်ဆိုသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။

ဒီကေဘီအေ တပ်ရင်းအချို့က တပ်သားများသည် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ အခြေစိုက်တပ်များသို့ ပြောင်းရွှေ့ပူးပေါင်းရန် ဆက်သွယ်မှုများရှိနေသည်ဟု ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောမော်အေးက ပြောသည်။

“ကျနော်တို့ကတော့ ကိုယ့်အမျိုးသား အချင်းချင်း လက်ခံပါတယ်။ သူတို့အခု ဆက်သွယ်လာတာတွေလဲ ရှိပါတယ်။ ရောက်လာရင်တော့ ကျနော်တို့ တပ်မှာ တာဝန်ထမ်းဆိုလဲရတယ်။ တာဝန်မထမ်းချင်ဘူး၊ မိသားစုနဲ့ အေးအေး ဆေးဆေး အပြင်မှာပဲနေမယ်ဆိုရင်လဲ လုံခြုံတဲ့နေရာတွေမှာ ခိုလှုံနိုင်ဖို့ ကျနော်တို့ စီစဉ်ပေးမှာပါ” ဟု ပဒိုစောမော်အေးက မဇ္ဈိမကို ပြောသည်။

နယ်ခြားစောင့်တပ်ပြောင်းမည့် တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်း ၇ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လိုက်သိန့် ကမူ “ပြောင်းသွားတဲ့လူတွေက တော့ သူတို့ကံကြမ္မာသူတို့ဖန်တီးတာပဲ။ သူတို့တခုခုဖြစ်လာရင်တော့ ကျနော်တို့က ကယ်နိုင်မှာမဟုတ်ဘူး။ သူတို့ စိတ်နဲ့ သူတို့ဆုံးဖြတ်ပြီး လမ်းရွေးတာပဲ” ဟု  မဇ္ဈိမကိုပြောသည်။

ဒီကေဘီအေသည် မြိုင်ကြီးငူ နာယကဆရာတော် ဦးသုဇန၏ ဦးဆောင်မှုဖြင့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပူးပေါင်းခဲ့ပြီး လက်ရှိအချိန်တွင် အင်အား ၇,ဝဝဝ ကျော်ရှိသည်ဟု စစ်ရေးအကဲခတ်များက ခန့်မှန်းထားကြသည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP