သူငယ်ချင်း မိတ်ဆွေမောင်နှမအားလုံးကိုကြိုဆိုပါတယ်

နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် ကရင်ငြိမ်း ချမ်းရေးအဖွဲ့တို့ ပြင်ဆင်

>> Tuesday, August 10, 2010

ရဲရင့်   /   ၁၀ သြဂုတ် ၂၀၁၀

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) နှင့် ဟောင်သရော အထူးဒေသအဖွဲ့ (ကေပီအက်ဖ်) တို့ကို ယခုလအတွင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖက ရက်သတ်မှတ်ပေးလိုက်သည်ဟု သိရသည်။

“ဒီလ (၁၈) ရက်နေ့မှာ ဟောင်သရောအဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲ အခမ်းအနားလုပ်မယ်။ ဒီကေဘီအေကတော့ ဒီလ (၂၀) ရက်နေ့မှာ မြိုင်ကြီးငူဌာနချုပ်မှာ အသွင်ပြောင်းတဲ့ အခမ်းအနားလုပ်မယ်။ လက်မခံတဲ့သူတွေကို သူတို့ အင်အားသုံးမယ်လို့ သိရတယ်။ လက်မခံနိုင်ဘူးလို့ ပြောတာကတော့ တပ်မဟာ (၅) က ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ပဲ ရှိတယ်” ဟု ဒီကေဘီအေတပ်မှူးတဦးက ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှူး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ၏ လက်အောက်ခံ တပ်ရင်းများက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖထံတွင် လက်မှတ်ရေးထိုးလိုက်သည့်အတွက် ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့တွင် ကိုယ်ရန်တော်တပ်အပါအ၀င် လက်နက်ကိုင်အင်အား (၁၀၀) ကျော်ခန့်သာ ကျန်ရှိပြီး ၎င်းက နအဖထံတွင် လက်နက်ချအညံ့ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည့်အပေါ် စိုးရိမ်မိကြောင်း အဆိုပါတပ်မှူးက ပြောသည်။

“ကျနော်တို့ကတော့ ဘာမှလုပ်လို့မရတော့ဘူး။ ဗဟိုအဆင့်က လက်ခံသဘောတူတဲ့အပေါ်မှာ လိုက်နာရမှာဖြစ်တယ်။ အခြေအနေက ငြင်းပယ်နိုင်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ အခု ရက်တောင် သတ်မှတ်လိုက်ပြီ။ မကျေနပ်တဲ့လူတွေလည်း ဒီအချိန်မှာလုပ်ရင် မြုပ်ဖို့ပဲရှိတော့မယ်။ ဗဟိုအဆင့်ခေါင်းဆောင်ပိုင်းနဲ့ တပ်မှူးကြီးတွေရဲ့ချမ်းသာကြွယ်ဝမှုတွေက သူတို့ နအဖဆီ လက်နက်ချစေတဲ့ အဓိကသော့ချက်ပဲ” ဟု ၎င်းက ရှင်းပြသည်။

မြ၀တီခရိုင်အခြေစိုက် ဒီကေဘီအေ (၉၉၉) အခြေချဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ လက်အောက်ခံတပ်များ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းမှုကို အများစုက လက်ခံသော်လည်း လက်မခံသူအချို့ရှိနေပြီး တပ်တွင်းပုံကန်မှုဖြစ်နိုင်သဖြင့် (၉၉၉) တပ်စခန်းအတွင်း နအဖတပ်များ စခန်းချ တပ်စွဲထားရန် ဒီကေဘီအေက ပြီးခဲ့သည့်ရက်အတွင်း အကူအညီတောင်းခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်းက “(၉၉၉) အဖွဲ့မှာလည်း မကျေနပ်တဲ့လူတွေရှိတယ်။ ဒီရက်ထဲမှာပဲ (၉၉၉) အဖွဲ့က နယ်ခြားစောင့်တပ်လက်မခံနိုင်လို့ တပ်ခွဲမှူး ဗိုလ်စောပလို ဦးဆောင်တဲ့ ဒီကေဘီအေ (၂၅) ဦး လက်နက်မျိုးစုံ အလက် (၃၀) နဲ့ ဗိုလ်နှုတ်ခမ်းမွှေးဆီ သွားပူးပေါင်းတာတွေရှိတော့ ဗျူဟာမှူး စောချစ်သူလည်း သူ့အတွက် လုံခြုံမှုမရှိတော့ဘူးဆိုပြီး သူ့မိသားစုကိုခေါ်ပြီး မြ၀တီမြို့ပေါ်မှာ လာရှောင်နေတယ်။ အခု (၉၉၉) တပ်ထဲမှာ ဗမာစစ်တပ်တွေ နေရာယူထားတယ်” ဟု ပြောသည်။

ဒီကေဘီအေဌာနချုပ် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် စစ်ရေးပြအစမ်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဒီကေဘီအေတပ်ဖွဲ့ဝင်တဦးက ပြောကြားသည်။

ကရင်ငြိမ်းချမ်းရေးအဖွဲ့များအတွင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏အစီအမံကို လက်မခံနိုင်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသည့် အဖွဲ့များမှာ ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး စောလားပွယ် (နှုတ်ခမ်းမွှေး) အဖွဲ့နှင့် စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့တို့ဖြစ်သည်။

0 comments:

About This Blog

Lorem Ipsum

  © Blogger templates Palm by Ourblogtemplates.com 2008

Back to TOP